Wednesday, September 13, 2017

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသပြဿနာ
~~~~~~~~~~~
■ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတဝိုက်က အခြေအနေတွေနဲ့ ဒီပြဿနာကို ဘယ်လို ရှုမြင်လဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ ပတ်သတ်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။

~~~~~~~~~~~
ရခိုင်ပြည်နယ် မောင်တောခရိုင်က ရဲစခန်း ၃၀ ကျော်ကို ARSA လို့နာမည်ပေးထားတဲ့ အကြမ်းဖက် မွတ်စလင်အဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့မှာဝင်တိုက်ပြီးတဲ့နောက် အဲဒီဒေသမှာနေထိုင်တဲ့ ရခိုင်၊ ဒိုင်းနက်၊ မြိုစတဲ့ တိုင်းရင်းသားတွေရော၊ ဟိန္ဒူဘာသာဝင်တွေနဲ့ သာမန်အရပ်သား မွတ်စလင်တွေပါ ထွက်ပြေးရတဲ့ဖြစ်ရပ်က ဒီနေ့ဆို ၁၈ ရက်ရှိခဲ့ပါပြီ။

ဒါပေမယ့် ဒီနေ့ထိ မီးခိုးငွေ့မတိတ်သေးပဲ တိုင်းရင်း သားတွေက ပြည်တွင်းထဲကိုဝင်ပြေးနေကြပြီး၊ မွတ်စလင်တွေက ဘင်္ဂလားဒေ့ရ်ျဘက်ကိုထွက်ပြေးနေတာတွေ့ရပါတယ်။

ဘူးသီးတောင်ဘက်ကအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်မြို့ကနေအဲဒီဒေသကိုသွားကူညီနေတဲ့ ကိုထက်အောင်လင်းက လက်ရှိအခြေအနေကို ပြောပြပါတယ်။

မောင်တောဒေသမှာလဲ ဒီနေ့ထိ ရွာတချို့မီးလောင်နေတာတွေ့ရတယ်လို့ စစ်တွေမြို့က ပရဟိတ သမား စာရေးဆရာဝေဟင်အောင် ခေါ် ကိုအောင်ကျော်ဝင်းကပြောပါတယ်။

၂၁၁၄ လောက်ကစုဆောင်းထားတဲ့စာရင်းတွေအရ လူဦးရေအချိုးအစားပြောမယ်ဆိုရင် မောင်တော ဒေသမှာ မွတ်စလင် ၉၄ ရာခိုင်နှုန်း၊ ဘူးသီးတောင်ဒေသမှာ ၈၄ ရာခိုင်နှုန်း၊ စစ်တွေမြို့တဝိုက်မှာ ၅၀ ရာခိုင်နှုန်းရှိပြီး၊ ရခိုင်ပြည်နယ်တခုလုံးအရဆိုရင် စုစုပေါင်း လူဦးရေ ၃ သန်းလောက်မှာ ၁ သန်းကျော် က မွတ်စလင်တွေဖြစ်တယ်လို့ သိရပါတယ်။

အနှစ် ၇၀ ကျော်ပြည်တွင်းစစ်ကြောင့် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးအဘက် ဘက်ကယိုယွင်းနေရတဲ့မြန်မာပြည်မှာ ရခိုင်ပြည်နယ်ကလဲ ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ရပါတယ်။

ဒါကြောင့် ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလန်းမရှိသလောက်ဖြစ်နေတဲ့ရခိုင်ပြည်နယ်က လူငယ်တွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာပဲ၊ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကိုထွက်ပြီး အလုပ်လုပ်ကြ ရသလို၊ ပြည်ပမထွက်နိုင်တဲ့သူတွေက ရန်ကုန်မြို့တဝိုက်ကစက်မှုဇုံတွေနဲ့ ကချင်ပြည်နယ်ဖားကန့်က ကျောက်စိမ်းမြေလို အလုပ်အကိုင်ရနိုင်တဲ့နေရာတွေကို ရောက်သွားကြတဲ့အတွက် ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားလူဦးရေကနည်းသထက်နည်းလာတယ်လို့လဲ လေ့လာသူတွေကထောက်ပြကြပါတယ်။

ဒီကြားထဲမှာ မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်တို့၊ ပြည်မဘက်ကိုခရီးထွက်ခွင့်တို့ဆိုတာကို အရင် မဆလ၊ နဝတ/နအဖအစိုးရတို့အာဏာရှိခဲ့တုန်းကမဖြေရှင်းနိုင်ခဲ့တဲ့ ပြသနာဟာ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်မှာ မသီတာထွေးအမှုကိုအကြောင်းပြုပြီး ရန်စပွားခဲ့ရသလို၊  အခု NLD အစိုးရလက်ထက်မှာတော့ ပိုပြီးပေါက်ကွဲထွက်ပေါ်လာခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ဆင်းရဲမွဲတေနေတဲ့နိုင်ငံစီးပွားပြန်ဦး မော့ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးကို ဦးစားပေးချင်တဲ့ NLD အစိုးရအနေနဲ့ ပြည်တွင်း အကြပ်အတည်းကြုံရသလို၊ ပြည်ပသတင်းမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့ တွေရဲ့ဝေဖန်မှုလဲ ကြုံနေရပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ ထောက်ခံ အားပေးမှုကိုလဲဆက်ရထားတယ်ဆိုတာကိုလဲ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးထုတ်ပြန်ချက်အရတွေ့ရပါတယ်။

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာအပြည့်အဝမရှိတဲ့ NLD အစိုးရအနေနဲ့ ဒီပြသနာကို ဖြေရှင်းဖို့ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့လဲ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ရှေ့နေဦးအောင်သိန်းကအခုလိုဆိုပါတယ်။

တဘက်မှာလဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးနားမှာဝိုင်းရံနေသူတွေက တချိန်စစ်အစိုးရလက်ထက်မှာ တာဝန်ကြီးကြီးယူခဲ့ဖူးတဲ့သူတွေဖြစ်နေတာတွေ့ရတဲ့အတွက် သူတို့ရဲ့ အကြံဉာဏ်နဲ့လုပ်ရည်ကိုင်ရည်အရ ဒီပြသနာကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ပါ့မလားဆိုပြီးတော့လဲ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက သံသယဝင်ကြတာလဲတွေ့နေရပါတယ်။

ဒီကြားထဲမှာ တိုင်းပြည်မတည်ငြိမ်အောင်ဖန်တီးလိုသူတွေ၊ အမျိုးသားရေး၊ ဘာသာရေးအစွန်းရောက် သူတွေရဲ့ ဖေ့ဆ်ဘွတ်လူမှုရေးစာမျက်နှာတွေကနေ နေ့တိုင်းလိုလို ဝါဒဖြန့်လှုံဆော်နေတာတွေတွေ့ နေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကတော့ သတိကြီးကြီးနဲ့နားစွင့်နေထိုင်ကြပြီး၊ အခုဖြစ် နေတဲ့ပြသနာဟာ လူမျိုးတမျိုးကနေတမျိုးကို ဖိနှိပ်နေတာမဟုတ်သလို၊ ဘာသာမတူသူချင်း ပဋိပက္ခ ဖြစ်နေတာမဟုတ်ဘူးလို့လက်ခံထားကြတာတွေ့နေရပါတယ်။

ဒါနဲ့ပတ်သက်လို့  ရှေ့နေဦးရောဘတ်စန်းအောင်ကအခုလို ပြောပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းပြသနာကို လက်ရှိ NLD အစိုးရအနေနဲ့ ပြည်တွင်း၊ ပြည်ပလက်ခံ နိုင်တဲ့ ဖြေရှင်းနည်းနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာကို အားလုံးကစောင့်ကြည့်နေတာတွေ့ရကြောင်း ပါခင်ဗျာ။

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...