ရခိုင်တွင် အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာက လက်ခံရမည်ဟု အမေရိကန်သံအရာရှိဟောင်းပြော
---
တိကျသော အထောက်အထားများမရှိဘဲ မြန်မာအစိုးရအပေါ် မစွပ်စွဲသင့်ဟုဆို
============
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံခဲ့ရသည်ဆို သောအချက်ကို လက်တွေ့ကျကျလက်ခံရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်ဖူး သည့် အမေရိကန် သံအရာရှိ ဟောင်းတစ်ဦးက ပြင်သစ် သတင်းဌာနတစ်ခုနှင့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားသည်။
ပါရီမှ France24 သတင်း ဌာနက ရခိုင်ပြည်နယ်တွင် ဖြစ် ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဝါရှင်တန်ရှိ မစ္စပရက်စ်လာအန်းကလပ်၏ အမြင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းရာ ဘင်္ဂါလီမျိုးနွယ်များထဲမှ အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည့်ကိစ္စကို မမေ့မလျော့ သတိပြုသင့်ကြောင်း သူကပြောကြားသည်။ မစ္စအန်းကလပ်သည် ၁၉၉၉ ဇူလိုင်မှ၂၀၀၂ ဩဂုတ်အထိ မြန်မာနိုင်ငံတွင် အမေရိကန်၏ Chief of Mission အနေဖြင့် တာဝန် ထမ်းဆောင်ဖူးသည်။ သူသည် လတ်တလောတွင် Institute of Peace တွင် အကြီးတန်း အကြံပေးရာထူး ခန့်အပ်ခံထားရသည်။
မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်စနစ်ကို အကြမ်းမဖက်ဆန့်ကျင်မှုတွင် မီးရှူးတန်ဆောင် သဖွယ် ရပ်တည်ခဲ့ဖူးကြောင်း၊ သို့သော် (ဘင်္ဂါလီများနှင့်ပတ်သက်၍) ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများ ပြောင်းလဲလာသည်ဟု ယူဆခြင်း ရှိ၊ မရှိFrance24 က မေးမြန်းရာ မစ္စအန်း ကလပ်က လက်မခံကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုသည်။
‘‘ဟင့်အင်း။ ဒါကိုတော့ကျွန်မ ရှင်းရှင်းပဲ လက်မခံနိုင်ပါ ဘူး။ ရခိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု တကယ်ဖြစ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ပြည်ပကနေ လာတယ်။ ပါကစ္စတန်၊ ဆော်ဒီ အာရေးဗီးယားတို့မှာရှိတဲ့ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းသည်) အကြမ်းဖက် လှုပ်ရှားသူတွေက ဘင်္ဂလားဒေ့ရှ်ကနေတစ်ဆင့် ဝင်ရောက်လာတယ်။ သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင် အများအ ပြားကို သတ်ဖြတ်ခဲ့ကြပါတယ်။ အောက်တိုဘာမှာ ဒီပြဿနာ စတယ်။ နောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်ရဲ့ ထောက်ခံတင်ပြမှုတွေ အပြီးမှာ အချိန်ကိုက် ပေါ်လာ တာ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ အကြံပြုအစီရင်ခံစာတင်ပြမှုတွေဟာ ပြဿနာတွေကို ရေရှည်ပြေလည်စေနိုင်မယ်လို့ သဘောတူခဲ့တယ်။ ဒီအတွက်လည်း သူက စလုပ်နေပြီ။ အဲဒါကို ဖျက်လိုဖျက်ဆီးအနေနဲ့ အခုနောက်ဆုံး အကြမ်းဖက်မှုတွေ ပေါ်လာတာ။ ဒါက အကြမ်းဖက်သမားတွေရဲ့ နည်းဗျူဟာ တစ်ခုဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး’’ဟု ပြော ကြားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်နှင့် မြန်မာအစိုးရသည် ဘင်္ဂါလီ အသိုက်အဝန်းအားလုံးကို ရန် လိုမုန်းတီးနေသည့် သဘောထား မရှိဟု ယုံကြည်ကြောင်းလည်း မစ္စအန်းကလပ်က ဆိုသည်။ ‘‘ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါ လီ အသိုက်အဝန်းအားလုံးကို အ ကြမ်းဖက်သမားလို့ မပြောခဲ့ဘူး။ သေနတ်တွေကိုင်ပြီး ရမ်းကား တိုက်ခိုက်နေတဲ့ လူတစ်စုကိုသာ အကြမ်းဖက်သမားအနေနဲ့ သူရည်ညွှန်းခဲ့တယ်။ အဲဒီအကြမ်း ဖက်သမားတွေက သူတို့မျိုးနွယ် တူချင်းလည်း သတ်တယ်။ သူတို့လမ်းကြောင်းမှာ ရှိနေသမျှ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင် တွေနဲ့ တခြားသူတွေကိုလည်း သတ်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တော်တော်များများလည်း အ သတ်ခံရတယ်’’ဟု သူက ထောက်ပြခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီမျိုးနွယ်များ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်ရခြင်းသည် တပ်မတော်၏စစ်ဆင်ရေး ရှင်းလင်းမှုများ ကြောင့်ဟု တစ်သမတ်တည်း စွပ်စွဲနေ၍မရကြောင်းလည်း မစ္စအန်း ကလပ်က သုံးသပ်သည်။ မစ္စအန်းကလပ်က ‘‘လုံခြုံရေးတပ်ဖွဲ့ ဝင်တွေရဲ့ တုံ့ပြန်မှုကြောင့် တစ်ခုတည်း မဟုတ်ပါဘူး။ သူတို့ရဲ့မျိုးနွယ်တူတွေထဲက အစွန်း ရောက် အုပ်စုတွေရဲ့ ရန်ပြုမှုက နေပါ တိမ်းရှောင်နေရတာ ဖြစ်ပါ တယ်။ အကြမ်းဖက်သမားတွေက မျိုးနွယ်တူချင်းလည်း တိုက်ခိုက် နေတယ်။ အထူးသဖြင့် နိုင်ငံသားခံယူခွင့် ကိစ္စ၊ တခြားလူသားချင်း စာနာထောက်ပံ့မှု ကိစ္စတွေနဲ့ပတ် သက်လို့ အစိုးရနဲ့ ညှိနှိုင်းအလုပ်လုပ်နေတဲ့ ဘင်္ဂါလီခေါင်းဆောင် ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက် ကြတယ်’’ဟု ပြောကြားသည်။
ထို့အပြင် မြန်မာအစိုးရအ ပေါ် အချက်အလက်မခိုင်မာဘဲ စွပ်စွဲမှုများ မပြုလုပ်သင့်ဘဲ တိကျ သည့် အချက်အလက်များကို ဦးစွာရှာဖွေဖော်ထုတ်ရမည်ဟု သူက ဆိုသည်။
အကြမ်းဖက်မှုများ ရှိခဲ့သည်မှန်သော်လည်း ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင်ရသည့် ဘင်္ဂါလီမျိုးနွယ်စုများအပေါ် စာနာမှုထားသင့်သည်ဟု ယူဆခြင်း ရှိ၊ မရှိ France24က မေးမြန်းရာ မစ္စအန်းကလပ်က ‘‘ကျွန်မ သေချာပေါက် ပြောနိုင်တယ်။ သူ့မှာစာနာစိတ် ရှိကိုရှိမှာပဲ။ အခုလော လောဆယ် သူဘယ်လောက် ရှင်းလင်းကြေညာချက်တွေ ထုတ် ထားသလဲဆိုတာတော့ ကျွန်မ သေချာမပြောတတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင် ထွက်ပြေးပါတယ်ဆိုတဲ့ အရေအ တွက်ကလည်း ဘယ်လောက်မှန်း တိတိကျကျ မသိနိုင်ပါဘူး။ မြန်မာအစိုးရက ပြောပြီးသားပါ။ သင့်တော်တဲ့အချိန်တစ်ခုမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေ ရခိုင် ပြည်နယ်ကို ဘေးရန်ကင်းကင်း ပြန်လာပြီး အခြေတကျ ပြန်နေနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးထား တယ်။ အခုတော့ ကျေးရွာ တော် တော်များများ မီးရှို့ဖျက်ဆီးခံနေရတယ်။ အဲဒီလို မီးရှို့ဖျက်ဆီးတာဟာ စစ်တပ် (တပ်မတော်)ရဲ့ လုပ်ရပ်မဟုတ်ဘူး။ စစ်တပ်ကြောင့် ထိခိုက်မှုတချို့ ရှိနိုင်ပါတယ်။ ဒါကို ကျွန်မ မငြင်းလိုဘူး။ ဒါပေမဲ့ကျေးရွာတွေကို မီးရှို့နေတာက တော့ စစ်သွေးကြွတွေ လက်ချက် ပဲ’’ဟု တုံ့ပြန်သည်။
ပဋိပက္ခနယ်မြေအတွင်းသို့ လူသားချင်း စာနာမှုဆိုင်ရာ အ ထောက်အပံ့အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ပေးရန် တောင်းဆိုမှု များကို မြန်မာအာဏာပိုင်များက လက်ခံလိုက်လျောသင့်ကြောင်း ဝေဖန်မှုနှင့်ပတ်သက်၍မူ သူက ‘‘သူတို့ ခွင့်ပြုသင့်တာ ခွင့်ပြုနေပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တွေ အရမ်းဆိုးရွားနေတဲ့ နေရာမျိုးကိုတော့ ဒီလို အဖွဲ့အစည်းတွေ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ အဲဒါက သိပ်အန္တရာယ်များတယ်လေ။ အဲ ဒီမှာ လူသားချင်းစာနာမှုအတွက် လှုပ်ရှားကူညီနေတဲ့ အဖွဲ့အစည်း တော်တော်များများလည်း ရှိနှင့် နေပြီးသားပါ။ ဒါပေမဲ့ ရခိုင်ကနေ ထွက်ခွာဖို့ သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့ကြတယ်။ လက်ရှိ အခြေအ နေတွေကြောင့် ရခိုင်ပြည်နယ်မှာ လုပ်ငန်းဆောင်ရွက်ဖို့ လုံခြုံမှုမရှိ ဘူးလို့ သဘောပေါက်ပြီး နောက် ပြန်ဆုတ်လာကြတာပါ။ တချို့ နိုင်ငံတကာ မီဒီယာတွေကို လုံခြုံရေး အစောင့်အရှောက်နဲ့ ဝင်ခွင့်ပေးထားတယ်။ ဒါပေမဲ့ အဲဒီနေ ရာက သိပ်အန္တရာယ်များတဲ့ ဧရိ ယာအနေနဲ့ ရှိနေတုန်းပဲ’’ဟု သဘောထားမှတ်ချက်ပေးသည်။
France24 က ဘင်္ဂလားဒေ့ရှ် သို့ တိမ်းရှောင်နေရာမှ ရခိုင်ပြည်နယ်ဘက်သို့ ပြန်မလာနိုင်စေရန် နှစ်နိုင်ငံနယ်စပ်အနီးတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည့် သတင်းများ ကြားသိနေရ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘင်္ဂါလီမျိုးနွယ်စုများအပေါ် စာနာမှုထားရှိရိုးမှန်ပါက ထိုကဲ့သို့သောကိစ္စမျိုးကို မျက်ကွယ်ပြုမထားသင့်ကြောင်း စွပ်စွဲပြောကြားရာ မေးခွန်းမဆုံးမီ မစ္စအန်းကလပ်က ‘‘အဲဒီမိုင်းတွေကို ဘယ်သူထောင်တာလဲ’’ဟု လေသံမာမာဖြင့် တုံ့ပြန်မေးခွန်းထုတ်ခဲ့သည်။ France24 မှ မေးမြန်းသူ အမျိုးသမီးက ‘‘သတင်းတွေအရတော့’’ဟုသာ ပြောရသေးချိန်တွင် ‘‘မြေမြှုပ်မိုင်းဆိုတာ အကြမ်းဖက်သမားတွေ လက်ထဲမှာလည်းရှိ တယ်။ မိုင်းထောင်မှုတွေ ရှိနေရိုး မှန်ရင်တောင် ဘယ်သူလုပ်တယ် ဆိုတာကို ကျွန်မတို့ အတိအကျ မသိရဘူး’’ဟုယတိပြတ် ပြော ကြားသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ယင်းကဲ့သို့ စွပ်စွဲကြောင်း France24 ၏ အင်တာဗျူးအစီအစဉ်မှူးက ဝန်ခံရာ ‘‘ကောင်းပြီ။ သူတို့က မြန်မာဘက်ကို စွပ်စွဲတာတွေရှိမယ်။ ဒါက တကယ်တမ်း အရေးမပါဘူး။ မြေပြင်အခြေအနေမှန်ကို ဘယ်သူမှ တိတိကျကျ မသိဘူးလေ’’ဟု မစ္စအန်းကလပ်က ထောက်ပြသည်။
ဘင်္ဂါလီကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ ထက်ပိုမို၍ ပွင့်ပွင့်လင်းလင်း သဘောထားထုတ်ပြန်ပြောဆိုမှု များ ပြုလုပ်သင့်ကြောင်း ဝေဖန်မှု များအပေါ် သူ၏ အမြင်ကို မေးမြန်းရာ မစ္စအန်းကလပ်က ‘‘ကျွန်မမြန်မာနိုင်ငံမှာ နေဖူးတယ်။
သူကြုံနေတဲ့အခြေအနေကို နားလည်တယ်။ သိပ်ပြီး ကျယ်ပြန့်ရှုပ်ထွေးတဲ့ လူ့အဖွဲ့အစည်းမျိုး အဲဒီမှာရှိတယ်။ ကွဲပြားတဲ့ တိုင်းရင်းသားမျိုးနွယ်တွေ တော်တော်များတယ်။ ကိုးကွယ်ယုံကြည်မှုလည်း အမျိုးမျိုးရှိကြတယ်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုအပြီးမှာ လွတ်လပ်မှုက အများကြီးရှိလာတယ်။ တချို့က အဲဒီလွတ်လပ်မှုကို အလွဲသုံးစား လုပ်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေဘက်မှာလည်း အစွန်းရောက်ဝါဒ စွဲကိုင်သူတွေ ရှိနေတယ်။ အဲဒီလူတွေက နိုင်ငံရေးဘက် အရမ်းဆက်နွှယ်လာတယ်။ အဓိက အတိုက်အခံပါတီ အပါအဝင်ပေါ့။ မွတ်စလင်ဆန့်ကျင်ရေးဝါဒကို သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက်တွေအတွက်နဲ့ အသုံးချ တယ်။ ရခိုင်နိုင်ငံရေးသမားတချို့လည်း အဲဒီအတိုင်းလုပ်နေတယ်။
ဒေါ်အောင်ဆန်းစု ကြည်ဟာ အဲဒီလို အင်မတန်အငွေ့ပြန်လွယ်တဲ့ ပြည်တွင်းနိုင်ငံရေး နယ်ပယ်မျိုးရဲ့ အလယ်ဗဟိုကနေ ဖန်တီး
စီမံနေရတာ။ အပြန်အလှန်ပြင်းထန်တဲ့စကားလုံးမျိုးတွေနဲ့ ပုတ်ခတ်တာတွေ ရှိနေတယ်။ စစ်တပ်ကိုဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်တွေကိုဖြစ်စေ ဆန့်ကျင်တိုက်ခိုက်တဲ့ အဓိပ္ပာယ်မျိုးထုတ်ပြောခဲ့မယ်ဆိုရင် သူကိုယ်တိုင် အကျပ်ရိုက်သွားနိုင်တယ်’’ဟု မှတ်ချက်ပြုသည်။
လက်ရှိ အခြေအနေတွင် နိုင်ငံတကာ အသိုက်အဝန်းအနေ ဖြင့် ရခိုင်ပြဿနာအပေါ် မည်သို့သဘောထား ဆောင်ရွက်သင့် ကြောင်း မေးမြန်းချိန်၌မူ မစ္စအန်းကလပ်က ‘‘နိုင်ငံတကာ အသိုက်အဝန်းက လုပ်စရာရှိတာကို စလုပ်နေပြီးသားလို့ ကျွန်မ ထင်ပါ တယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်က ဘာတွေ လုပ်ခဲ့သလဲဆိုတာကို ရှင်တို့ ပြန်ကြည့် သင့်တယ်။ သူတို့ဟာ အခြေအနေ တစ်ခုလုံးကို မခြွင်းမချန် စုံစမ်း လေ့လာခဲ့ကြတာပါ။ ပြီးတော့ တကယ့်ကို ပြည့်စုံကျယ်ပြန့်တဲ့ ထောက်ခံအကြံပြုမှုတွေ တင်ပြလာတယ်။ ဘယ်အခြေအနေက ရေရှည်အတွက် မှန်ကန်တဲ့ အ ဖြေဆီကို ဦးတည်သွားမလဲဆို တာကို ညွှန်ပြထားတယ်။ အဲဒီမှာလူထုရဲ့ စိတ်နှလုံးကို ဘယ်လိုပြောင်းလဲသင့်သလဲ ဆိုတာတွေပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ် မှာ နေထိုင်သူအားလုံးရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့ အတွက် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်တယ်။ ရခိုင်က အရမ်းဆင်းရဲတဲ့ ပြည်နယ်တစ်ခုပါ။ သယံဇာတအတွက် အားပြိုင်မှုတွေလည်း ရှိနေတယ်။ဒါတွေ အားလုံးကို ပြည့်ပြည့်စုံစုံ၊မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဟာ ကော်မရှင်ရဲ့အကြံပြုမှုတွေကို လက်ခံတယ်။ ဒီကိစ္စနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနအားလုံး ပါဝင်တဲ့ သီးခြား အစိုးရကော်မရှင်တစ်ခုကိုလည်း ဖွဲ့ထားတယ်။ ပြီးတော့ သူက နိုင်ငံတကာဆိုင်ရာ အကြံပေးဘုတ်အဖွဲ့တစ်ခု ကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီတော့ နိုင်ငံတကာအသိုက်အဝန်းဟာ ကိုဖီအာနန်ကော်မရှင်က တင်ပြထားတဲ့ ထောက်ခံအဆိုပြုမှုတွေ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီခြင်းအားဖြင့် ရခိုင်ပြဿနာမှာ ပါဝင်လို့ရပါတယ်။ တကယ်လည်း ဒါဟာ ကျွန်မတို့ လုပ်သင့်တဲ့ကိစ္စပါ။ အမေရိကန် ပြည်ထောင်စုကလည်း ရခိုင်ပြည်နယ်ရဲ့ လက်တွေ့မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ ကူညီမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့နေပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေးနဲ့ ပညာရေးကဏ္ဍတွေအတွက်ပေါ့’’ဟု ဖြေကြားသည်။
တိမ်းရှောင်ထွက်ပြေးနေ သည့် ဘင်္ဂါလီများအပေါ် ဒေါ် အောင်ဆန်းစုကြည်က လူသိရှင်ကြား စာနာသည့်မှတ်ချက် မပေး ကြောင်း ထပ်မံစွပ်စွဲရာ ၎င်းက ‘‘ဒါက အရမ်းကြီးမားတဲ့ ပဟေဠိပုစ္ဆာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စက်တင်ဘာမှာ ကုလသမဂ္ဂကို သူလာလိမ့်မယ်။ အဲဒီကျရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကားကို ရှင်တို့ နား ထောင်ခွင့် ရမှာပေါ့။ ဒါပေမဲ့ သူ က သူ့နိုင်ငံမှာ သွေးဆူနေတဲ့ လူတွေနဲ့ လက်တွေ့ရင်ဆိုင် ကိုင်တွယ်နေရချိန်မှာ ရှင်တို့က ဒီကနေ ပြီးတော့ သူက အသံကျယ်ကျယ် ထုတ်မပြောပါဘူး ဘာညာ ပြောနေလို့မရဘူးလို့ ကျွန်မ ထင်ပါ တယ်’’ဟု တုံ့ပြန်သည်။
—Ref: France24
7Day News Journal
http://7daydaily.com/story/107153
#ဖေအောင်
Monday, September 11, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
အံဖွယ် သုတ အံဖွယ် ဥပဒေ အံဖွယ် VIP လူကြီးများ နှင့် ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ **************...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
No comments:
Post a Comment