Wednesday, September 13, 2017

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ရက်၊ ဗုဒ္ဓဟူးနေ့။

ရခိုင်ဒေသရှိအကြမ်းဖက်အန္တရာယ်ကျရောက်နေသော ဆရာ၊ဆရာမများအား အထူးလုံခြုံရေးဆောင်ရွက်ပေးရန်နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း သဘောထားကြေညာချက်

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်သည် မြန်မာတစ်နိုင်ငံလုံးရှိ ဆရာဆရာမများ၏ လူမှုဘ၀ဖူလုံမှု ဆိုင်ရာ ကိစ္စများ၊ အခွင့်အရေးများအပြည့်အ၀ရရှိစေရန်နှင့် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ရပ်တည်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာ သမဂ္ဂ၊ ကျောင်းသားသမဂ္ဂများအပါအ၀င် အရပ်ဖက်ဆိုင်ရာလူထု ပညာရေးအသင်းအဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်ပါသည်။

၂။ မကြာခင်ကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောဒေသ ARSA အဖွဲ့၏ အကြမ်းဖက်မှု ဖြစ်ရပ်များတွင် အရပ်သားများ၊ အခြားပြည်သူ့ဝန်ထမ်းများနည်းတူ ဆရာဆရာမများသည်လည်း အကြမ်းဖက် ဘေးသင့် နယ်မြေများတွင် တာဝန်ထမ်းဆောင်ရင်း ပိတ်မိခဲ့ကြပါ သည်။ အချို့မှာ အစိုးရ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများ၏ အကူအညီ ကြောင့်ထွက်ပြေး လွတ်မြောက်ခဲ့ကြပါသည်။ ယခုထက်ထိ နယ်မြေတည်ငြိမ်ရန် လုံခြုံရေးဝန်ထမ်းများ အစွမ်းကုန်ကြိုး စားနေရဆဲ ဖြစ်ကြောင်းလည်းသတင်းများက ဖော်ပြလျက်ရှိပါသည်။

၃။ သို့သော် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်၊ ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ကြေညာချက်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင် မြို့နယ် အတွင်းရှိ ဆရာဆရာမများအနေဖြင့် ၁၇-၉-၂၀၁၇ နောက်ဆုံးထား၍ မိမိတို့တာဝန်ကျရာ နယ်မြေများသို့ ပြန်လည်တာဝန်ထမ်းဆောင် ရမည်။ မထမ်းဆောင်ပါက ၀န်ထမ်းစည်းမျဉ်းစည်းကမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း အတင်းအကြပ်သဘော ထုတ်ပြန်ကြေညာထားသည်ကို ၀မ်းနည်းဖွယ် တွေ့ရှိရပါသည်။

၎။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးအတွက် ပညာရေးကို အားစိုက်လုပ်ဆောင်ရမည်မှာ အမှန် ဖြစ်ပါ သည်။ သို့သော် ယခုကဲ့သို့သော အခြေအနေတွင် နိုင်ငံတာဝန်ထမ်းဆောင်ကြရမည့် ဆရာဆရာများအတွက် အောက်ပါအချက်များကို ဆောင်ရွက်ပေး နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါသည်။

 (က) အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်သော ဒေသများသို့ ဆရာ၊ ဆရာမများကို အတင်း အကြပ် ပြန်လည်စေလွှတ်ခြင်း မပြုရန်၊ အခြေအနေတည်ငြိမ်ကြောင်းအာမခံနိုင်မှသာ စေလွှတ်ပေးရန်နှင့် ထိုသို့ စေလွှတ်ရာတွင်လည်းဆရာ၊ဆရာမများ၏ လုံခြုံရေးကို အပြည့်အ၀အာမခံ ပေးရန်။

(ခ) အကြမ်းဖက်အန္တရာယ်ကြောင့် ဆရာ၊ဆရာမများအပေါ် ဘေးအန္တရာယ်တစ်စုံတစ်ခုကျရောက်လာပါက အခြေအနေ မတည်ငြိမ်သေးမီ အတင်းအကြပ်စေလွှတ်သောတာဝန်ရှိသူအနေဖြင့် အပြည့်အ၀ တာဝန် ယူပေးရန်။

(ဂ) အကြမ်းဖက်ခံရမှုကြောင့် ဆရာဆရာများ၏ ဆုံးရှူံးမှုများအတွက် နိုင်ငံတော်နှင့်ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးရန်။

(ဃ) အကြမ်းဖက်မှုကို ကိုယ်တွေ့ တွေ့ကြုံခဲ့ရသော ဆရာဆရာမအချို့သည် စိတ်ဒဏ်ရာများ ရရှိခဲ့မည် ဖြစ်သောကြောင့်၊ အကယ်၍ ကာယကံရှင်က မသွားလိုပါက အတင်းအကြပ်စေလွှတ်ခြင်းမပြုဘဲ ကာယကံရှင်၏ ဆန္ဒနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးရန်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...